Aug 21, 2012

G tone


G - Tone ဆိုတဲ့ Rap Name က ဘယ် လိုဖြစ်လာတာလဲ?
ကျွန်တော် Rap စဆိုတုန်း နာမည်စ ပေးတာက ကျွန်တော့် အစ်ကို ကိုသုတပေါ့။ G - Tone ဆိုတာ တခြားမဟုတ်ပါဘူး။ ရိုးရိုးတန်းတန်း ပဲ ကတုံးပေါ့။ ဒါ ပေမယ့် အမျိုးမျိုးပေါ့ အဓိပ္ပါယ်တွေဖွင့်ကြတယ် ။ G က God ပေါ့ G က Gangstar ဘာဖြစ်တယ်၊ ညာဖြစ်တယ်ပေါ့ တကယ်တော့ ကတုံးပါပဲ။

ငယ်ငယ်တုန်းက ပြည်ပက ဘယ် MC တွေ က G - Tone ကို လွှမ်းမိုးခဲ့လဲ?
ကျွန်တော်စပြီး Rap စ နားထောင်ဖြစ် တော့ 2 Pac လို့ ကျွန်တော် ပြောတယ်။ 2 Pac လွှမ်းမိုးတယ် ကျွန်တော့်အပေါ်မှာ။ ပြီးတော့ Nas ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သူက Street ဘက်မှာပဲရပ် တည်တယ်။ Jay-Z နဲ့တောင် မတူဘူး။ Jay-Z က Industary အပေါ်မှာပဲ လျှောက်တယ်။ ပြီးတော့  Dr. Dre ပေါ့။ သူက West Coast LA မှာ နေပေမယ့် သူ့သီချင်း တွေက New York အထိ ပေါက်တယ်။ New York မှ မဟုတ်ဘူး။ တစ်ကမ္ဘာလုံးကို လွှမ်းမိုးတယ်။ Rapper တိုင်းက သူ့ကို Respect မပေးဘဲ မနေဘူး။ သူ့ Beat ပေါ်မှာ ဆိုလိုက်ရင် အလိုလိုမြောက်သွားတယ်။ ဒီသုံးယောက်ကတော့ ကျွန်တော့်ရဲ့  God ပဲ။

သူတို့ရဲ့ လွှမ်းမိုးမှုတွေက G - Tone ရဲ့ ပုံစံထဲကို ၀င်လာမျိုးရှိလား?
Dre beat တွေဆို ကျွန်တော် အရမ်းသဘောကျတယ်။ သူ့ရဲ့ 2001 Instrumental တစ်ခွေလုံ ရှိတယ်။ ညတိုင်း နာ ထောင်တယ်။ အနည်းနဲ့အများတော့ ၀င်တာပဲလေ လွှမ်းမိုးမှုကတော့၊ Nas ရဲ့ အတွေးအခေါ်တွေကို သဘောကျ တယ်ဗျ။ Hip Hop Rap ဆိုနေပေမယ့် ဇာတ်လမ်း တစ်ပုဒ်ကို ပြောပြနေတဲ့အတိုင်းပဲ။ Story Teller ပေါ့ ။ သူတို့ သတ်မှတ်ထားတာ Hip Hop မှာ 2 Pac ကိုတော့ ကျွန်တော် သူ့ရဲ့ဘ၀ကို သဘောကျတာ။ ဆိုးတယ်။ သူဆိုးပေမယ့် သူဆိုးချင်လို့ ဆိုးထာမဟုတ်ဘူး။ သူ့စိတ်က အရမ်းလိမ္မာတယ်။ ဒါပေမယ့် သူ့ကိုလူတွေက ဆိုးအောင်လုပ်လို့ သူဆိုးတယ်။ သူ ပွေးတာတွေ သဘောကျတယ်။ သူ့ရဲ့ Rap စာသားတွေ သဘောကျတယ်။ သူတို့ (၃) ယောက်ရဲ့ လွှမ်းမိုးမှုတွေရှိတယ်။ ပြီးရင် ကျွန်တော် သဘောကျတာ သေသွားတဲ့ Rapper တွေ ကို သဘောအကျဆုံးပဲ။ မြန်မာနို င်ငံမှာဆို ကိုဟိန်းဇော်ပေါ့။ ကိုဟိန်းဇော်ရဲ့ အသံဆို အရမ်း ကြိုက်တယ်။ နိုင်ငံခြားမှာဆိုရင် Big Bang ကြိုက်တယ်။ ပြီးတော့ NWA ရဲ့ ခေါင်းဆောင်လို့ ပြောလို့ရတဲ့သူကိုကြိုက်တယ်။ နောက်ဆုံး Proof ပေါ့။ Detriot က သူ့ကိုနောက်ပိုင်းတော့ တော်တော်ခိုက်တယ်။ နှမြောလဲနှမြောတယ်။ ကျွန်တော်က သေသွားတဲ့ Rapper တွေကို နှမြောဆုံးပဲ။

Rap စဆို ဖြစ်တဲ့ အခါဒီလိုအခြေအနေထိ ဖြစ်လာလိမ့်မယ်လို့ ရည်ရွယ်ထားခဲ့လား?
ကျွန်တော် Rap စဆိုဖြစ်တုန်းက ၀ါသနာအရပဲစဆိုဖြစ်တာ။ ပြီးတော့ ကျောင်းလည်းမတက်ဖြစ်တော့ဘူး။ Rap ပဲ ဆိုနေတော့တာပဲ။ သီချင်းတွေ တီးဖြစ်တယ်။ မျောသွားတယ်။ ဒီဟာနဲ့ ကျင်လည်သဘောကျပြီး နေထိုင် ဖြစ်နေတာပေါ့။ Cyclone ရဲ့ Solo Album က ပရိသတ်အတွက် လာပြီလား။ အစစ အရာရာ အသစ်ကြီး လား။ အခုကျွန်တော်တို့ Cyclone solo ပြီးသွားပြီ။ ကျွန်တော့် G - Tone Solo လည်းပြီးသွားပြီး။ အဲဒီမှာ ကျွန်တော်တို့ ပုံစံအကုန်လုံး Change ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုက တစ်ယောက်နဲ့ တစ်ယောက်ဖဲ့မယ်။ ပုတ်ခတ်မယ်။ အတင်းပြောမယ်။ သီချင်းတွေအကုန်လုံးက ဒါတွေချည်းပဲ နားထောင်ရတာ ရိုးလာပြီ။ ကျွန်တော်တို့က နောက်တစ်မျိုး အသစ်ကိုထပ်သယ်ရင် ပိုကောင်းမယ်ထင်တယ်။ ကျွန်တော်တို့ Generation အကုန်လုံးပေါ့။ စာသားတွေ ပြောင်းကြမယ။် တီးလုံးပုံစံတွေ Change မယ်။ ကျွန်တော်တို့ Cyclone ကိုအရင်က လူတွေက Down south ဆို တယ်၊ Down south ဆိုတယ်ပြောကြတယ်။ ကျွန်တော်တို့က Down south နဲ့စဆိုတာ မဟုတ်ဘူး။ ကျွန်တော်တို့က West coast beat တွေပေါ်မှာ စဆိုခဲ့တာ။ အခုနောက်ပိုင်း လုပ်ဖြစ်တာက ဘ၀ဆန်တဲ့ပုံစံမျိုးတွေ Change ပစ်လိုက်ပြီ။ ဒီ Cyclone ခွေထဲမှာ တီးလုံးဆိုလည်း Down South ပါတော့ပါတယ်။ ဒါပေမယ့် Down South အများကြီး မပါဘူး။ Down South က ကျွန်တော်တို့ အရမ်းကြီးကြိုက်တဲ့ ဟာထဲမှာမပါဘူး။ တကယ်ကြိုက်တာက West coast နဲ့ East Coast ကိုအကြိုက်ဆုံးပဲ။ Old Skool ကိုလည်း ကြိုက်တယ်။ ၁၉၉၀ နဲ့ ၁၉၉၈ ကြားထဲက ပုံစံမျိုးတွေပဲ လုပ်ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ G - Tone style နဲ့ခွဲထွက်ပြီး လုပ်ရင် G - Tone style ဖြစ်မယ်။ ပြည်သာအနေနဲ့ ခွဲထွက်ပြီးလုပ်ရင် ပြည်သာ style ဖြစ်မယ်။ သုတအနေနဲ့ ခွဲထွက်ရင် သုတ style ဖြစ်မယ်။ Cyclone Mood က သပ်သပ်ပေါ့။

ကိုယ် လွန်ခဲ့တဲ့ (၄) (၅) နှစ်လောက်က တည်ဆောက်ဖန်ဆင်းထားတဲ့ သီချင်းတစ်ပုဒ်ကို စာသား ဒါမှမဟုတ် Music ပိုင်းဆိုင်ရာ ပြန်ပြင်ချင်တာမျိုးရှိလား?
အဲလိုမျိုးတော့မရှိဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်သဘောကျတာတစ်ခုက လူတစ်ယောက်ရဲ့ အချိန်နဲ့ သက္ကရာဇ်တွေဆိုတာရှိတယ်။ LL Cool J (၁၂) နှစ်သားတုန်းက Freestyle ဆိုတဲ့ဟာတွေဆိုရင် အရမ်းပြန်လိုချင်တာ။ အဲအချိန်တုန်းက လွဲရင် လွဲနေလိမ့်မယ်။ အဲ..လွဲတာကနေ တဆင့်ချင်း ကောင်းလာတာတွေလည်း ရှိတယ်လေ။ ငယ်ငယ်တုန်းကဟာတွေကိုတော့ ပြန်ပြင်ဖို့ စိတ်ကူးတော့ မရှိဘူး။ ဘာပဲပြောပြော အမှတ်တရပေါ့ဗျ။

ခုနောက်ပိုင်းပရိသတ်နဲ့ ပြန်လည်ထိတွေ့မှုရှိလာပြီဆိုတော့ အသားတကျ ပြန်ဖြစ်သွားပြီလား?
Aug (3) 2008 စလို့ပေါ့။ အဲနေ့မှာ ကျွန်တော်တို့နာမည်မပါဘဲနဲ့ ဆိုဖြစ်တယ်။ ဆိုဖြစ်တဲ့အချိန်မှာ ပရိသတ်က လုံးဝအမိုက်စားပဲ။ ကျွန်တော်တို့ကို ကြိုဆိုတယ်။ လက်ခံတယ်။ ကျွန်တော်တို့ကို ချစ်တယ်ပေါ့..ပြောရရင်။ Hip Hop လောက တစ်ခုလုံး ချစ်မယ်လို့လည်း ထင်တယ်။ အသားတော့ကျသွားပြီ၊ Show ကဆိုရတာ အားမရသေးဘူး။ ထပ်ဆိုဦးမှာ။ ပရိသတ်နဲ့ ထိတွေ့ဖို့ ၂၀၀၉ ကို ကျွန်တော်တို့မှန်းထားတယ်။ ၂၀၀၉ မှာ ကျွန်တော့် Solo လည်း လာမယ်။ Cyclone ခွေလည်းလာမယ်။ ကျွန်တော်တို့ Ready ပဲ။

Hip Hop ကိုမသိ၊ မကြိုက်တဲ့ လူတွေက "မင်းတို့ Hip Hop ကြီးက ကလေးတွေ ချည်းပဲလား။ ဆိုတဲ့ပုံစံတွေ ကလည်း ဖန်တစ်ရာတေနေပါပြီကွာ" ဆိုပြီးပြောလာခဲ့တဲ့လူတွေအပေါ် G - Tone ဘာပြောချင်လဲ?
ကျွန်တော်တို့ Hip Hop အနေနဲ့ပေါ့ အခုဆိုရင် Unplugged ပေါ့။ Music ကို ပိုပြီး လက်ခံလာနိုင်အောင် တစ်ခုခုဆိုရင် 'ဟာ မင်းတို့က CD နဲ့ပဲ ဖွင့်တဲ့ကောင်တွေ' အဲလိုမျိုးမဖြစ်အောင် Hip Hop ကို ခု Band နဲ့ တီးထားတယ်။ Session Player တွေပေါ့။ လူကြီးတွေနဲ့ အလုပ်တွဲလုပ်ထားတယ်။ နောက်ပိုင်းက သိပ်ပြောတာမကြားတော့ဘူး။ အကုန်လုံး လက်ခံလာကြပြီလေ။ လက်မခံလို့ လည်း မရတော့ဘူး။ ကျွန်တော်တို့က Hip Hop ကို ဂီတထက် Culture ကြီးတစ်ခုလုံးကို တည်ဆောက်နေတာဆိုတော့ ပြောချင် လည်းပြောပါစေပေါ့။

G - Tone Album ရဲ့ အနေအထားက ဘယ်လောက်ထိ ခရီးရောက်နေပြီလဲ?
ကျွန်တော့်ခွေက ၈၀% ပြီးသွားပြီ။ Mixing ကျန်မယ်။ Cover Design တို့ ဘာတို့လောက်ပဲ လုပ်ဖို့ကျန်တော့တယ်။ အခွေ နာမည်ကို 'ရိုက်စား' လို့ ပေးထားတယ်။ အခု လောလောဆယ် ဆိုပေးထားတာက Bigg-Y, Cyclone, Ar-T, အနဂ္ဂပါတယ်။ Jenny တို့၊ J.Me တို့နဲ့တော့မလုပ်ရသေးဘူး။ သူတို့နဲ့ လုပ်ဖို့တည်ပြီး ပြောထားတာတွေရှိတယ်။

G - Tone ခုတလော ဘာတွေနားထောင် ဖြစ်နေလဲ?
အစုံပဲဗျ။ Dance ဘက်တွေလည်း ကျွန်တော်သွားမျော ဖြစ်တယ်။ ဟိုအရင် ၁၉၅၀-၆၀ လောက်က Marvin Gaye တို့ James Brown တို့ တခါတလေကျ နားထောင်တယ်။ အခု ကြိုက်တာဆိုရင် Marvin Gaye နားထောင်ဖြစ်တယ်။ Al Green နားထောင်ဖြစ်တယ်။ Deft punk နားထောင်ဖြစ်တယ်။ သူတို့ဂီတက Hip Hop လည်းမဟုတ်ဘူး။ Jazz လည်းမဟုတ်ဘူး။ Soul လည်းမဟုတ်ဘူး။ Dance လည်းမဟုတ်ဘူး။ အကုန်လုံးပေါင်းထားတာ။ ဒီကောင်တွေက (၂) ကောင်၊ ပြင်သစ်က ကောင်တွေလို့တော့ပြောတယ်။ Hip Hop ခွေထဲမှာဆိုတော့ TI ကို ကျွန်တော် တော်တော် သဘော ကျနေတယ်။ ဒီကောင့်ခွေအသစ် တော်တော် လန်းတယ်။

G -Tone သီချင်းတီးတဲ့အခါ ဘယ်သူ့ သီချင်းတွေကို Sampling လုပ်ဖြစ်တာ များလဲ?
နိုင်ငံခြားကဟာတွေ Sampling လုပ်ရင်တော့ ပိုက်ဆံမပေးရဘူးလေ။ သူတို့က မတောင်းသေးဘူးလေ ကိုယ်တွေကို။ Sampling လုပ်ဖြစ်တာ ခုနက ပြောတဲ့ Marvin Gaye သီချင်းလုပ်ထားတာတွေရှိတယ်။ Al Green သီချင်း လုပ်ထားတာတွေ ရှိတယ်။

ဒီက Celebrity နဲ့ဟိုက Celebrity တွေဘယ်လိုတွေကွာတယ်လို့ G - Tone ထင်လဲ?
ဒီနိုင်ငံက Celebrity နဲ့ ဟိုက Celebrity နဲ့က ကွာတာတော့ တော်တော်ကွာတယ်။ Paparazi တွေ ကျွန်တော်တို့ နိုင်ငံမှာ မရှိသေးဘူး။ Paparazi တွေက မဟုတ်တာလုပ်ရင် လိုက်ရိုက်မှာ။

G - Tone ရဲ့ Rapping Theme တွေက ဘယ်ကလာတာများလဲ?
ကျွန်တော်ရေးတဲ့ Rap စာသားကတော့ ကျွန်တော့်ဘ၀ပေါ့။ ကျွန်တော်တို့ ကြုံတွေ့ ရတဲ့ဘ၀တွေ အကုန်လုံး အခြေခံလူတန်းစားဘ၀ပေါ့။ သူတို့ရဲ့ ခံစားချက်တွေ၊ သူတို့ရဲ့ ပေါက်ကွဲတဲ့ဟာတွေ၊ မကျေနပ်လို့ပြောတဲ့ဟာမျိုးတွေပဲ ဖြစ်မယ်ထင်တယ်။ ကျွန်တော့်စာသားတွေက နောက် Hip Hop လောက အကြောင်းပေါ့။ လောကထဲမှာ ဖြစ်နေတဲ့ဟာတွေကို ကျွန်တော်က ဒဲ့ပဲပြောတယ်။ စကားပြောသလိုမျိုးပ၊ဲ စကားပြောတဲ့ Rap လို့ ပြောချင်ပြောမယ်။ ဒါပေမယ့် စကားပြောနေတာပဲလေ။ ဟား ဟား အဓိကကတော့ Street life ကို တည်ပြီး ရေးတယ်။

Rapping 16 Bars ကို ရေးသားဖို့ အတွက် G - Tone အချိန်ဘယ်လောက် ကြာတတ်လဲ?
အဲဒါအမျိုးမျိုးပဲဗျ။ 16 Bars ရေးဖို့ဆို တစ်ခါတလေကျရင်လည်း (၁၀)မိနစ်လောက်နဲ့လည်း ပြီးယင် ပြီးသွားတာပဲ။ တစ်ခါတစ်လေကျတော့လည်း လက်တန်း ဆိုရင်းနဲ့ ပြီးရင် ပြီးသွားတာပဲ။ တစ်ခါတလေကျရင် မျောပြီးကြာနေ တတ်တယ်။ ဒါစိတ်ခံစားမှုပေါ်မှာပဲ မူတည်နေတယ်။ သီချင်းကို ဖန်တီးနေတဲ့အချိန်ပေါ့။ Feel လာရင် လာသလိုပေါ့။

Free Style သီဆိုမှုကို G - Tone အနေနဲ့ ဘယ်လိုအရသာတွေ့လဲ။ ဘယ်လိုမြင်လဲ?
Free Style ဆိုမယ်ဆိုရင် အရင်ဦးဆုံးက ဖြတ်ထိုးဥာဏ်ပဲ။ လူတစ်ယောက်နဲ့ တစ်ယောက် Battle လုပ်တော့မယ်။ ဟို SyneAg နဲ့ ကျွန်တော်နဲ့ပဲ Rap ဆိုမယ်ပဲထားဦး၊ SyneAg က ကျွန်တော့်ကို ပုတ်ခတ်လိုက်ပြီ။ 'ဟာ မင်းဝတ်တာ မမိုက်ဘူး' ဆိုရင် 'အေး မမိုက်ဘူး၊ ဒါပေမဲ့ မင်းလိုတော့ ဘေထုတ်မ၀တ်ဘူးပေါ့ ဟားဟား ဟား'။ ဒီ Free Style ကျွန်တော်တို့ စပြိုင်တုန်းကဆိုရင် (၂၀၀၃။၂၀၀၄) အဲဒီအချိန်တုန်းက ကိုဘာဘူတို့၊ ကိုအနဂ္ဂတို့ သူတို့တွေပေါင်းပြီးတော့ Pioneer Club ပွဲတွေ ဆက်တိုက်လုပ်တယ်။ အဲဒီလိုပွဲမျိုးတွေလည်း ဆက်တိုက် လုပ်သင့်တယ်။ ခုချိန်မျိုးမှာ ပြန်လုပ်သင့်တယ်။ အဲဒီတုန်းက ကျွန်တော်ဆုတွေ ဘာတွေလည်းရတယ်ပေါ့။ Free Style ကို ကျွန်တော် မြင်တာလွတ်လပ်တယ်ဗျ။ ဘောင်မရှိဘူးဗျာ။ ဖြစ်နေတဲ့ဟာကို ဒဲ့ပြောမယ် သိတယ်မဟုတ်လား။ 'မင်းဝတ်ထားတဲ့ အင်္ကျီက Phat Farm ငါကာရံတွေကို ဆိုနေ မယ်လက်တန်း၊ မင်းကြိုက်သလို သတ်မှတ်စမ်း' အဲလိုမျိုး မျိုးစုံ၊ အစုံပေါ့။ Rhyme ရှိရမယ်။ Flow ရှိရမယ်။ Style ရှိရမယ်။

အဲဒီ Free Style ပြိုင်ပွဲမှာတုန်းက ဘယ် သူတွေပါသေးလဲ?
ကျွန်တော်တို့အဲဒီ Free Style ပြိုင်ပွဲမှာ ၀င်ပြိုင်တာဆို ရဲလေးဝင်ပြိုင်တယ်။ ချမ်းအေးဝင်း ၀င်ပြိုင်တယ်။ ပြီးတော့ သစ္စာတို့ ဘာတို့ ၀င်ပြိုင်တယ်။ နောက်တစ်ခေါက် ပွဲထပ်လုပ်သေးတယ်။ ပြင်သစ်သံရုံးမှာပဲလုပ်တာထင်တယ်။ N-Zai တို့ BNC တို့ ၀င်ပြိုင်ကြတယ်လို့ ကျွန်တော်သိရတယ်။

Cyclone ရဲ့ ပရိသတ်တွေ G-Tone ရဲ့ Solo Album ထွက်တဲ့အခါ G-Tone ပရိသတ်အဖြစ် ပါလာ နိုင်မလား?
အတူတူပဲလေ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က Family ''Cyclone ရော G-Tone ရော Family လိုက် သွားနေကျတာ၊ G-Tone နဲ့လည်း ဖြစ်မှာပဲ။ အကုန်လုံးက အတူတူပဲလေ။ We are Family!!! The Street Magazine အပေါ်ဘယ်လို မြင်လဲ။ မိုက်တယ်၊ အဲဒါအရမ်းမိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုမျိုး လုပ်သင့်တာ ကြာပြီ။ နိုင်ငံခြားမှာဆိုရင် Scratch တို့၊ XXL တို့၊ Source တို့ အစုံပေါ့။ Scratch ဆိုရင် Music Producer အတွက် တီးလုံးတွေချည်းပဲ သတ်သတ်ခွဲထားတဲ့ Magazine ပေါ့။ Source တို့၊ XXL တို့ကတစ်မျိုး VIBE တို့ဘာတို့ပေါ့။ အဲလိုဟာမျိုးတွေက ဒီမှာ ရှိသင့်တာကြာပြီ။ သဘောလည်းကျတယ်။ လုပ်တဲ့သူကို မြှောက်လည်းမြှောက်ပေးတယ်။

0 comments:

Post a Comment

Download လင့်ခ်များပျက်နေပါ ကျေးဇူးပြုပြီး Comment များပေးသွားကြပါရန်

Popular Posts

နယ်မြို့ လေးတွင်အသစ် တင်တိုင်း face book ပေါ်တွင်ဖတ်နိုင်ရန် like နှိပ်သွားပါဦး